top of page

Why should we volunteer? ဘာကြောင့် Volunteer လုပ်သင့်တာလဲ။

  • Jul 19, 2022
  • 1 min read


"ငါက Iron Man နော်

ဟေ့ကောင်..ငါက Batman ကွ"

ဆိုပြီး ငယ်ငယ်က ဒိုင်းညှောင့်ခဲ့ကြတဲ့အချိန်တွေ ရှိတယ်ဟုတ်။


ရုပ်ရှင်တွေမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ တိုက်ပွဲဝင်ကြတဲ့သူရဲကောင်း Superhero တွေ အများကြီးကို တွေ့ခဲ့ကြမှာပါ။ ဒါတွေကို ကျွန်တော်တို့အားလုံး စွဲမက်ခဲ့ကြတယ်။

ပြီးတော့ ကိုယ်တိုင်လည်း သူတို့လို ဖြစ်ချင်ခဲ့ကြပါတယ်။

တကယ်တမ်း ကိုယ့်ကိုကိုယ် မှန်ထဲ​ပြန်ကြည့်လိုက်ပါ။ သင်ဟာ စူပါမန်းမဟုတ်ပေမယ့် ရူပါလန်းနေတာကိုတော့ တွေ့ရပါလိမ့်မယ်။ (ကြော်ငြာဝင်တာပါ)


သာမန်လူသားတွေဖြစ်တဲ့ ကျွန်တော်တို့မှာ Captain America ရဲ့ဒိုင်းကာ မရှိသလို Thor ရဲ့တူကိုလည်း မပိုင်ပါဘူး။ဒါပေမယ့် ဘုရားပေးတဲ့ဆုလာဘ်တွေ တစ်ခုမကရှိပါတယ်။


အခု ဒီစာကို သင်ဖတ်နိုင်တယ် မဟုတ်ပါလား။ ဒါဆို ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၇၀၀ ကျော်ထက် သင်ဟာ ပိုကံကောင်းပါတယ်။

မာလာမောက်ချိုက် လာကျွေးမယ့်သူမရှိလို့ ဝမ်းမနည်းပါနဲ့။ ညတိုင်း ရေသောက်ဗိုက်မှောက်နေရတဲ့ လူသန်းပေါင်း ၈၀၀ ကို သတိရပေးပါ။

မိုးလင်းတိုင်း ပျင်းကြောဆန့်ပြီး အိပ်ရာထဲခွေနိုင်တယ် ဆိုရင်တော့ ဂုဏ်ယူပါတယ်။ သင်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၇ပုံ ၁ပုံ (1/7) ထက် နောက်တစ်ဆင့်မြင့်ရာကို ရောက်နေပါပြီ။


ကန်လန့်ကာတစ်ချက်ကို ဖွင့်ကြည့်ပြီးတဲ့အခါ ကျွန်တော်တို့ဟာ Superhero တွေထက် ပိုတန်ခိုးကြီးတဲ့ ပါဝါတွေကို လက်ကိုင်ရထားမှန်း သိလိုက်ရမှာပါ။ ဒီအစွမ်းတွေကို အသုံးချခြင်း/မချခြင်းကပဲ ဘဝကို ဆေးခြယ်ပေးနေပါတယ်။ ထိုနည်းတူ ကျွန်တော်တို့နိုင်ငံရဲ့ ပန်းချီကားချပ်မှာလည်း စေတနာအရောင်တွေ ပတ္တူစအနှံ့ခြယ်ဖို့ကောင်းနေပါပြီ။


ဒီနေရာမှာ အံ့သြလို့မဆုံးတဲ့ မေးခွန်းတစ်ခုကို ပြောပြပါရစေ။

"ပိုက်ဆံလည်းမရဘဲ ဘာလို့ စေတနာ့ဝန်ထမ်း Volunteer လုပ်တာလဲ။" ဒီအမေးကို စာရေးသူရော စေတနာ့ဝန်ထမ်းတော်တော်များများပါ ကြုံဖူးကြမယ်ထင်ပါတယ်။


ပထမဆုံးအနေနဲ့ ဒီလိုအတွေးမျိုး ခေါင်းထဲရောက်နေပြီဆို အပေါ်က ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးနေရသူတွေကို အားနာပါ။ ဒုတိယအနေနဲ့ Volunteer လုပ်ခြင်းဟာ လူမှုပတ်ဝန်းကျင်ထဲမှာတင်မကဘဲ သင်ကိုယ်တိုင်အတွက်ပါ အကျိုးရှိပါတယ်။


1. Step to scholar - ပညာသင်ဆုအတွက် လှေကားထစ်

ပညာသင်ဆုဆိုတာ အလွယ်တကူရနိုင်တဲ့ ချိုချဥ်တစ်လုံး မဟုတ်ပါဘူး။အပြိုင်အဆိုင်တွေကြားထဲက တိုးယူရတဲ့ ဘက်စုံထူးချွန်သော ကျောင်းသားများအတွက်ပါ။ Scholarship ဆိုတာ စာဂျပိုးတွေအတွက်ပဲ ဆိုတဲ့အတွေးဟာ ဘိုးတော်မင်းနို့သောက်ကာလတည်းက အယူဟောင်းကြီးဖြစ်သွားပါပြီ။


2. Bye to unemployment - ၁၀၉/၁၁၀ ဘဝ၏ နိဂုံး

သင့်မှာ အတွေ့အကြုံ experience တွေရှိမယ် ဆိုရင် အလုပ်ကို သင်ကိုယ်တိုင်ရှာစရာ မလိုပါဘူး။ အလုပ်က သင့်ကို အိမ်တိုင်ရာရောက် ဝေါယာဥ်နဲ့ လာပင့်ပါလိမ့်မယ်။


3. Personal and Professional Growth - ပုဂ္ဂိုလ်ရေး၊ လုပ်ငန်းရေးရာ တိုးတက်မှု

အများကျိုးဆောင် ကိုယ့်အကျိုးအောင် ဆိုသလို သင့်ရဲ့လုပ်ဆောင်မှုတိုင်းက ကိုယ်ပိုင်ကျွမ်းကျင်မှု skills တွေရစေတာမို့ အရင်ကနဲ့မတူတဲ့ ကိုယ့်ရဲ့တိုးတက်မှုပုံစံကိုပါ တွေ့ရမှာပါ။


ပညာရေးခရီး ရပ်တန့်နေပါလား - Volunteer အဖြစ် ဝင်ကူပါ။ အလုပ်မရလို့ ညည်းနေမိလား - Volunteer အဖြစ် ဝင်ကူပါ။ ငှက်ပျောတုံးဖက်နေရတုန်းလား - Volunteer အဖြစ် ဝင်ကူပါ။


ကမ္ဘာကြီးကတော့ သင့်လို မောင်ကံကောင်းတွေရဲ့ အကူအညီတွေကို လိုအပ်နေပါတယ်။ ဆက်ပြီးလည်း လိုအပ်နေမှာပါပဲ။


"လူဖြစ်ရကျိုးနပ်ရဲ့လား" ဆိုတဲ့ပုစ္ဆာကို အဖြေထုတ်လိုက်သူဟာ သင်ကိုယ်တိုင်ပါပဲ။


 
 
 

Comments


bottom of page